ပူတာအို ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ဇူလိုင်(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာ အဆိုပါဦး စီးဌာနရုံး Community Centre ခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး၊ သတင်းဓါတ်ပုံများနှင့် သတင်း ဗီဒီယိုများအား စစ်ဆေးခြင်း၊ သတင်းထောက်များ လိုက်နာရမည့်အချက်များ၊ V သုံးလုံးဖြင့် ထိရောက်အောင် သတင်းတင်ဆက်ခြင်း၊ သတင်းတစ်ပုဒ်တွင် ပါ၀င်ရမည့်အချက်များကို သိရှိနားလည် လာစေရန်အတွက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဇူလိုင်(၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့ မြို့မရပ်ကွက် ခါကာဘိုရာဇီ အမျိုးသားဉယျာဉ်အတွင်းရှိ ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းရေးပြခန်းနှင့် ဇီ၀မျိုးစုံမျိုးကွဲ သုတေသန စခန်းပြခန်းတို့အား သတင်းဗီဒီယိုရိုက်ကူးရေးလုပ်ငန်း လက်တွေ့ ကွင်းဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အရည်အသွေးရှိသော သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ် ပေးပို့တင်ပြနိုင်ရေးနှင့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသို့ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ မချမ်းဘော့၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ်ရုံးများနှင့် ပန်နန်းဒင်မြို့ရုံးတို့တွင် တာ၀န်ထမ်းဆောင်နေကြသော ၀န်ထမ်းများ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)