မြစ်သား ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေသခံပြည်သူများ၏ ကျွဲ၊ နွား တိရစ္ဆာန်များ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင်(၁၁)ရက် မှ (၁၇)ရက်နေ့အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်နှင့် ဝန်ထမ်းများ၊ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ဝင်များဖြင့် ကွင်းဆင်း၍ ကျွဲ၊ နွားစသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ခွာနာလျာနာရောဂါ၊ ပေါင်ပုပ်လက်ပုပ် ရောဂါ၊ ဒေါင့်သန်းရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့နယ်ရုံးရှေ့တွင် အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ တောင်သူများလက်ဝယ်အရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် လမ်းခွကျေးရွာတွင် နွားကောင်ရေ(၁၆၀)၊ ကူဖြူကျေးရွာတွင် နွားကောင်ရေ(၁၂၀)တို့အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာဝန်ရှိသူထံမှ သိရသည်။
သီတာအောင်(မြစ်သား)