၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲအား ကျောက်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မတွင်ပြုလုပ်

ကျောက်ဖြူ   ဇူလိုင်  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂)မြို့မ ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃) နာရီအချိန်က အဆိုပါကျောင်းရှိ ပညာဝတီ ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၂) မြို့မကျောင်း ကျောင်းအုပ် ဆရာမကြီး ကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ရီရီသိန်းက (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဧကာဒသမတန်းမှ မောင်ကောင်းမြတ်စည်သူက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအားလည်းကောင်း၊ ဒသမတန်းမှ မသီရိစိုးစံက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိအမိုင်း ကြောင်းအား လည်းကောင်း၊ သတ္တမတန်းမှ မခိုင်စုလတ်က အာဇာနည်ကိုးဦး၏ အကြောင်းအား လည်းကောင်း အသီးသီးဟောပြောခဲ့သည်။ ဆက်လက်၍ အလယ်တန်းပြဆရာ ဦးမြသန်းက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အား  မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိစေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာ စေရန်အတွက် ဟောပြောပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊အလက(၂)မြို့မမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ အင်အား(၈၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း (ပြန်/ဆက်)