ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ နှစ်စဉ်အစဉ်လာမပျက် သြဝါဒခံယူပွဲနှင့်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ရန်ကင်း ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း​မြိုနယ်၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှစ်စဉ် အစဉ်လာမပျက် သြဝါဒခံယူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀:၀၀နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ ဂေါပကရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို ပင့်ဖိတ်တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ရန်ကင်းမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္ဒဝါစကပဏ္ဍိတဆရာတော် ဘဒ္ဒန္တဦးသုစိတ္တထံမှ  ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရန်ကင်းမြို့နယ်၊ ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက် မဟာနာယကမြို့နယ် သြဝါဒစရိယဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ပညာသာမိထံမှ အနုမောဒနာတရားတော်ကို နာယူကာလှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသ နံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းပြီး သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် သံဃာတော်တစ်ပါးလျှင် ဝါဆိုသင်္ကန်း (၁)စုံ၊ ဝတ္ထုငွေကျပ် ၃သောင်းတို့ကို ပင့်သံဃာ ၁၃ ပါးအတွက် လှူဒါန်းခဲ့ကြသည့်အပြင် တန်ဖိုး ၂၇သိန်း၃သောင်းကျပ်နှုန်းဖြင့် မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ လိုအပ်သော နေရာများတွင် ပြုပြင်မွမ်းမံနိုင်ရန်အတွက် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

အိရွှေစင်