ကျိုက်မရောမြို့နယ်တွင်၂၀၂၂ခု နှစ် မိုးစပါးစိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းပြီး ကောက်စိုက်သမများလုပ်ငန်းခွင် စတင်ဝင်ရောက်

ကျိုက်မရော ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ခုနှစ်မိုးစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်များက ထက်အောင်မြင်လျက်ရှိပြီး မျိုးနှုတ်၊ ကောက်စိုက်ချိန် ရာသီရောက်ရှိနေပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ အုပ်စုနောင်လုံကွင်း၌ လယ်သူမများ ကောက်စိုက်လုပ်ငန်းခွင် ဝင်ရောက်နေပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင်မိုးလည်း ယခင်နှစ်ကလောက်မများသဖြင့် ရေကြီးနစ်မြှပ်မှု ဒဏ်မခံရတော့ကြောင်း၊ ဝါဆိုလပြည့်ကျော်ရင် ကောက်စိုက်လရာသီဖြစ်ပြီး ကောက်စောစပါးစိုက်ပျိုးသူများအနေဖြင့် စတင်ကောက်စိုက်နေကြပြီး ယခုနှစ်တွင် ကောက်စိုက်ခနေ့စားတစ်ဦးလျှင် ၇၀၀၀ ကျပ်မှ တစ်သောင်းကျပ်ထိဌားနေရပြီး ကောက်စိုက်သမရှားပါးသဖြင့် လယ်စိုက်ပျိုးသူ တောင်သူလယ်သမားများအနေဖြင့် ကောက်စိုက်ခ၊ မျိုးနှုတ်ခစျေးကြီးသဖြင့် အချို့လယ်သမား မိသားစုများကိုယ်တိုင် ကောက်စိုက်ဆင်းနေရကြောင်း မျိုးနှုတ်ခစျေးမှာလည်း စပါးထုံးအရေအတွက်နှင့် နေ့ထွက်လိုက်ယူ၍ နှုတ်သူများရှိနေပြီး မျိုးပေါထုံးလိုက်ဆိုလျှင် တစ်နေ့တစ်သောင်းခွဲကျပ်ထိငှားနှုတ်နေရ ကြောင်းယခုလိုအချိန်တွင်မျိုးနှုတ်သူ ကောက်စိုက်သူရှားပါးသည့် ပြဿနာကလည်း လယ်သမားများ၏ အခက်အခဲတစ်ခုဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကိုမိုးစပါး အမီ အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးထားသဖြင့် အဆင်​ပြေနေလျက်ရှိကြောင်း မိမိတို့မြို့တွင်း၌ နေ့စားအလုပ်သမားရှားပါး၍ ကောက်စိုက်သမားများကို ပဲခူးတိုင်းဘက်မှ ကျေးရွားများအထိ သွားရောက်ငှားရမ်းနေရကြောင်း နတ်စမ်းကျေးရွာမှ မိုးစပါးဧက (၂၀) စိုက်ပျိုးထားသူလယ်သမားကြီး ဦးစိုးအောင်၏ ပြောပြချက်အရ သိရှိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)