ပင်လောင်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်က ကျောင်းသား၊ ကျောင်းသူများအား မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယာဉ်များ အသုံးပြုရာတွင် ပေါ့ဆစွာအသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားနိုင်သောအသက်အန္တရာယ်များ၊ လမ်းအသုံးပြုခြင်းနှင့်ပတ်သက်၍ လိုက်နာသင့်သည့် အချက်များစသည့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးခြင်း ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲအန္တရာယ်များ၊ မူးယစ်ဆေးဝါးကြောင့် ပျက်စီးဆုံးရှုံးသွားသောဘဝများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်နစ်နာမှုများကို ရှင်းလင်းဆွေးနွေးပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးက စာရေးကိရိယာများပေးအပ်ရာ ကျောင်းသူ၊ ကျောင်းသားများကိုယ်စား ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခွန်ရဲမင်းပိုင်