မိုင်းပျဉ်းမြို့၌ တိရစာ္ဆန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစာ္ဆန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ဝမ်မိုင်ကျေးရွာ၊ လားဟူနှစ်ခြင်း ဘုရားရှိခိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ဇင်ထက်က ၁၁−၇−၂၀၂၂ ရက်နေ့မှ ၁၇−၇−၂၀၂၂ရက်နေ့အထိ တိရစာ္ဆန်ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ကျွဲ၊ နွား ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျား ရောဂါအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့ပါသည်။

ထို့နောက် တိရစာ္ဆန်ကူးစက်ရောဂါ ကာကွယ်ခြင်းဆိုင်ရာ လက်ကမ်းစာစောင်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသူများထံသို့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ဝမ်မိုင်ကျေးရွာ၊ လားဟူအသင်းတော်မှ ယုံကြည်သူများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်ဆက်)