ဂွ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုအသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီက ဂွမြို့၊ မဒေါ့ကြောကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဂွမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါက်တာပိုင်စိုးဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားပါဝင်သည့် အဖွဲ့သည် မွေးမြူရေး တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွါး ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၁-၇-၂၀၂၂)ရက်နေ့မှ (၁၇-၇-၂၀၂၂)ရက်အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တ ပတ်အဖြစ် မဒေါ့ကြောကျေးရွာအုပ်စုအတွင်းရှိ မွေးမြူသူတောင်သူများအား ကျွဲနွားအရေပြား အကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျွဲနွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ကျွဲနွားအကောင် (၁၀၀ )အား ခွာနာလျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်