ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အ.ထ.ကတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်ပြုလုပ် သည့်ဆောင်းပါး ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အာဇာနည်နေ့အကြိုဟောပြောပွဲကျင်းပ

ကျောက်ပန်းတောင်း   ဇူလိုင်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်ပြုလုပ်ခဲ့သည့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်းနှင့် အာဇာနည်နေ့အကြိုဟောပြောပွဲကို၊ ဇူလိုင်(၁၇)ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ တန်းစီကွင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောင်းကောင်စီဝင်များက ဦးဆောင်၍ နိုင်ငံတော်အလံအားအလေးပြုခြင်း နှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး၊ ရှေ့ဦးစွာ မြို့ နယ်ပညာရေးမှူး ဒေါ်မော်မော်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲများပြုလုပ်ပေးသည့်အတွက် ကျောင်းသားကျောင်း သူများကိုယ်စား ဂုဏ်ယူမှတ်တမ်းတင်ကြောင်း ပြောကြားပြီး၊ ဟောပြောပွဲပြု လုပ်ရခြင်း ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမှတ်(၂)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက နိုင်ငံလွတ်လပ်ရေးအတွက် အသက်စွန့်ဆောင်ရွက်သွားကြသည့် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို အစဉ်အမြဲသတိတ  ယရှိနေစေရန်နှင့် နိုင်ငံချစ်စိတ်၊ အမျိုး၊ ဘာသာ၊သာသနာချစ်စိတ်များ ကျောင်းသားကျောင်း သူတိုင်း၏ရင်ထဲတွင် စွဲမြဲစွာ ခိုအောင်းနေစေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပုံများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြုလုပ်ခဲ့သည့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် မြန်မာဘာသာရပ်သင် ဆရာမကြီးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းကို သံပြိုင်သီဆို၍ ရုပ်သိမ်း လိုက်ကြောင်းသိရသည်။

အဆိုပါ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲသို့  မြို့နယ်ပညာ ရေးမှူး ဒေါ်မော်မော်၊ အမှတ်(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းနှင့် ဘာသာရပ်သင်ဆရာ /ဆရာမများ၊ ကျောင်းကောင်စီဝင် များနှင့်အခြေခံပညာအလယ်တန်း အဆင့်/အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၃၀)ဦး တက်ရောက်ခဲ့ ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)