လက်ခုပ်ထဲကမုန်တိုင်း ရသဝတ္ထုစာအုပ်မိတ်ဆက်ပွဲ ကျင်းပ

သံတွဲ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဒေသခံစာရေးဆရာ ဇော်မင်းထွန်း(သံတွဲ)နှင့် ဆရာအောင်(လုံးသာမြေ)တို့ ရေးသားထုတ်ဝေသည့် လက်ခုပ်ထဲကမုန်တိုင်း” ဝတ္ထုရှည်၊  ဝတ္ထုလတ် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတွဲမြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)ဥက္ကဋ္ဌ ဆရာအောင်(သံတွဲ)က အဖွင့်အမှာစကားပြောကြားပြီး သံတွဲမြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး မောင်လူအေး (စီးပွါးရေး)မှ မုဒိတာစကား ပြောကြားခဲ့သည်။ ထို့နောက် သံတွဲမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ “လက်ခုပ်ထဲကမုန်တိုင်း” စာအုပ်မှ “လက်ခုပ်ထဲကလရောင်” ဝတ္ထုရေးသားသူ ဆရာဇော်မင်းထွန်း (သံတွဲ)က ယခုစာအုပ်ထုတ်ဝေရခြင်းနှင့်စပ်လျဉ်း၍  မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ဆရာအောင် (လုံးသာမြေ)က “လက်ခုပ်ထဲကမုန်တိုင်း” အမည်ရှိ ရသဝတ္ထုရှည်စာအုပ်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်အမှာစကား ပြောကြားခဲ့ကြသည်။

ထို့နောက် ဆရာမကျည်းကျွန်းသား-စိုးရွှေနှင့် စာပေဝါသနာရှင်များက “လက်ခုပ်ထဲကမုန်တိုင်း” ရသဝတ္ထုစာအုပ်မှ “လက်ခုပ်ထဲကမုန်တိုင်း” ဝတ္ထုနှင့် “လက်ခုပ်ထဲကလရောင်”ဝတ္ထုများအပေါ်စာဖတ်သူများ၏ ရင်တွင်းခံစားချက်များအား အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ “လက်ခုပ်ထဲကမုန်တိုင်း” စာအုပ်ရေးသားထုတ်ဝေသူ ဆရာဇော်မင်းထွန်း (သံတွဲ)နှင့် ဆရာအောင်(လုံးသာမြေ)တို့က သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က လက်ခံရယူခဲ့သည်။ ၎င်းနောက် စာအုပ်မိတ်ဆက်ပွဲတက်ရောက်လာကြသည့် ဒေသခံစာရေးဆရာများနှင့် စာပေဝါသနာရှင်များအား စာအုပ်များ လက်ဆောင်ပေးခဲ့ကြပြီး ဆရာဇော်မင်းထွန်း(သံတွဲ)က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)