မြင်းခြံမြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေး ပိုစတာစိုက်ထူခြင်း ဆောင်ရွက်

မြင်းခြံ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေး ပိုစတာစိုက်ထူခြင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြင်းခြံမြို့နယ် ရှားတောကျေးရွာတွင်ကျင်းပခဲ့ရာ ပြည်သူလူထုအသိပညာပေး ပိုစတာစိုက်ထူခြင်းအခမ်းအနားသို့ မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စံပယ်လှိုင်၊ ရှားတောကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ခိုင်ထွေးနှင့် ဝန်ထမ်းများ၊ ကျေးလက် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများသည်  တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်ဖြင့် ပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါစူးစမ်း ထောက်လှမ်းခြင်းနှင့် ဒေါင့်သန်း ရောဂါကာကွယ်ဆေးထိုးခြင်းများကို ကိုးပင်ကျေးရွာ၌ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါတစ်မျိုးဖြစ်သည့် အရေပြားအကျိတ်နာရောဂါကို မြန်မာနိုင်ငံမှာ ကြိုတင်ကာကွယ်နိုင်စေရန် ပြည်သူ လူထုအသိပညာပေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၎င်းရောဂါသည် မွှား၊ ခြင်၊ ယင်ကိုက်ခြင်း၊ ရောဂါပိုးနှင့် ထိတွေ့ထားသော အစာ၊ ရေ၊ ဆေးထိုးအပ်နှင့် ရောဂါဖြစ်တိရစ္ဆာန်တွေမှ တစ်ဆင့်ကူးစက်နိုင်ပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ထံ အမြန်ဆုံးသတင်းပို့နိုင်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

‌ကျော်စွာ(မြင်းခြံ)