မြင်းခြံ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့ပြီး အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများကို အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာမများက ဟောပြောခဲ့သည်။ ထို့နောက် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ အသီးသီးအား ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)