မလှိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝါးခွတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ

မလှိုင် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု၊ ဝါးခွကျေးရွာတွင် ဖွင့်လှစ်ထားရှိသော အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဝါးခွတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ “လူငယ်နှင့်ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့် ယမန်နေ့ညနေ(၄)နာရီအချိန်က “လူငယ်နှင့် ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သဇင်လှိုင်က တိုးတက်လာတဲ့ ယနေ့ခေတ်မှာ လူငယ်တွေအတွက် ဘာသာစကားတစ်ခုတတ်ရုံ ၊ လုပ်ငန်း ကျွမ်းကျင်ရုံတို့နဲ့ မပြည့်စုံတော့ဘဲ ခေါင်းဆောင်မှုစွမ်းရည်တွေ၊ စီမံအုပ်ချုပ်နိုင်မှုစွမ်းရည်တွေ၊ ညှိနှိုင်းစေ့စပ်နိုင်တဲ့စွမ်းရည်တွေ၊ အချိန်ကိုကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်တွေ၊ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ၊ လူမှုဆက်ဆံရေးစွမ်းရည်တွေစတဲ့ စွမ်းရည်တွေပါ လိုအပ်လာပြီဖြစ်ပါကြောင်း၊ လူငယ်များသည် စိတ်ဓါတ်တက်ကြွခြင်း၊ ကိုယ်ခန္ဓာသွက်လက်လျင်မြန်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်းအပြင် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေအဓိကအင်အားစုအဖြစ် ပါဝင်သည့်အတွက် “လူဦးရေ တံခါး ပွင့်ချိန်” (Demographic Dividend)လို့ ဖွံ့ဖြိုးရေးပညာရပ်က လက်ခံထားရှိကြကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပြီးနောက် ကျောင်းတွင်းအားကစားကဏ္ဍအတွက် မြို့နယ်အားကစားမှူးက ဘောလုံး(၁)လုံး၊ ဘော်လီဘော(၁)လုံး၊ ပိုက်ကျော်ခြင်း(၁)လုံးတို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်စိုးထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး