ကျိုက်ထို ဇူလိုင် ၁၇
ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ ထူးချွန်အောင်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်ထိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကိုအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းတေး သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။
အခမ်းအနားတွင် ကျိုက်ထို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်ကေသီခိုင်က အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူသင်ကြားခဲ့ကြကာ ယခုလိုအောင်မြင်မှုကိုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း၊ ထို့အပြင် ယခုလို မြို့နယ်အတွင်း အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများအလုံးကို မြို့နယ်ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျိုက်ထိုမြို့နယ်၏ အောင်ချက်မြင့်မားရေးအတွက် စီမံဆောင်ရွက် ခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ပြုဆုများချီးမြှင့်နိုင်ရေးအတွက် အလှုငွေလှူဒါန်းပေးသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပြီး ထူးချွန်ဆုများအားချီးမြှင့်ရာ မွန်ပြည်နယ်အဆင့်တွင် ဝိဇ္ဇာဘာသာတွဲ အမှတ်များဆုံးအဆင့် (၅)ထူးချွန်ဆု၊ မြို့နယ်အဆင့်အောင်ချက် အကောင်းဆုံးဆုရကျောင်းဆုများ၊ ဂုဏ်ထူးအများဆုံးရ ကျောင်းဆု၊ ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကို ရည်တို့လှမ်းချီ “တေးသီးချင်းနှင့် အထက(ရွှေဥဩ)မှ ကျောင်းသား ကျောင်းသူများက ပန်းများဝေစည်ပွင့်နေသည် “တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်စာစစ်ဌာန (၆)ခုဖွင့်လှစ်ပြီး ကျင်းပပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ(၁၀၃၀)ဦးအနက် အောင်မြင်သူ(၅၂၅)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၀.၉၇) ရာခိုင်နှုန်းရရှိခဲ့ပြီး (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၉)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၅၉)ဦး စုစုပေါင်းဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ (၂၂၁) ဦးရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ဂုဏ်ထူးရရှိသူဦးရေသည် ၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲဂုဏ်ထူးရဦးရေထက် (၆၉)ဦး တိုးတက်လာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၀င်းမောင်(ကျိုက်ထို)