မိုင်းခုတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)ရှိ စိုက်ပျိုးရေးတောင်သူ ဉီးမောင်ဉီး၏ ခြံဝင်းအတွင်း စီးပွားဖြစ်စိုက်ပျိုးထားသော ဟော်လန်ပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဟော်လန်ပန်းများကို စတင်စိုက်ပျိုးရာတွင် မျိုးဉများကို ဝယ်ယူစိုက်ပျိုးရကြောင်း၊ ရေကြိုက်သဖြင့် ရေလောင်းရသော်လည်း ရေဝပ်တာကိုတော့ မကြိုက်ကြောင်း၊ စတင်စိုက်ပျိုးပြီး ၁၅ ရက်တစ်ကြိမ်ရွက်စား ဆေးဖြန်းရကြောင်း၊ စိုက်ပျိုးပြီး (၂)လအကြာတွင်စတင်အပွင့် ပွင့်ကြောင်း၊ ရောင်းချ ရာတွင် (၅)ခက်တစ်စည်းလျှင် နှစ်ထောင်ကျပ်ဖြင့် ရောင်းချရကြောင်း၊ ပန်းများအားလုံး ခူးယူ ရောင်းချပြီး နှစ်လအကြာတွင် ပန်းဉများကို ပြန်လည်တူးဖော်ထားရကြောင်း၊ နောက်တစ်ကြိမ် စိုက်ပျိုးသည့်အချိန်ရောက်မှ ပြန်လည်စိုက်ပျိုးရကြောင်း၊ တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြောင်း၊ မိုးဉီးမကျခင်အချိန်နှင့် ဆောင်းတွင်းဝင်စ အချိန်များတွင် စိုက်ပျိုးရကြောင်း ပန်းစိုက်တောင်သူ ဉီးမောင်ဉီးက ပြောသည်။
အဆိုပါ ဟော်လန်ပန်းများကို အခြားမြို့များသို့ တင်ပို့ရောင်းချခြင်းမရှိသော်လည်း မိမိဒေသတွင်း စီးပွားဖြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စား၊ ဝတ်၊ နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း