ဗန်းမော်မြို့နယ် စီဟဲကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ  

ဗန်းမော်  ဇူလိုင် ၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀)စက်မှုလယ်ယာစခန်း၊ ဗန်းမော်မြို့မှ ဦးဆောင်၍ ကောက်စိုက်စက်(၆-တန်းသွား)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ဗန်းမော်မြို့နယ် စီဟဲကျေးရွာ ကွင်းအမှတ်(၁၈၅)၊ ဦးပိုင်အမှတ်(၂၂/၂) တောင်သူ ဦးဇေယျာအောင်၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းသောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီဟဲကျေးရွာမှ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပြီး ဗန်းမော်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက တောင်သူလယ်သမားများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ (၆)တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ အလုပ်သမားများ ရှာဖွေရသည့် အခက်အခဲလျော့ကျခြင်း၊ လုပ်ငန်း တွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန် မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး စပါးထွက်နှုန်းကောင်းစေခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါး အထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)