မုဒုံ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့နယ်အတွင်းရှိ ကော့ခပုံကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ( ၀ / ၉ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၃ ပေ ၉ လက်မ ) မြေသား၊ဂဝံလမ်းခင်းခြင်းနှင့် ရေပြွန်( ၂ ပေ × ၂၀ ပေ) သုံးစင်၊ ကမာဝက်ကွင်းပိုင်းရှိ တောင်ပချောင်းတွင် (အရှည် ၁၂၀ပေ ၊ အကျယ် ၁၆ ပေ ၊ အမြင့် ၁၂ ပေ) ကွန်ကရစ်တံတား နှင့် ကော့ပီးကွင်းပိုင်းရှိ ကော့ကနောင်းချောင်းတွင် (အရှည် ၄၀ ပေ ၊ အကျယ် ၁၆ ပေ ၊ အမြင့် ၈ ပေ ) ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ကော့လှကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း(၁/၁ ဒသမ ၅၄ မိုင်၊အကျယ် ၁၂ ပေ၊ထု ၂ ပေ ၉ လက်မ)မြေသား၊ ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ တာပသွန်ကျေးရွာတွင် ကျေးလက်ကုန် ထုတ်လမ်း (အရှည် ၀ / ၁၄ ဒသမ ၂၄ မိုင်၊ အကျယ် ၁၂ ပေ ၊ ထု ၃ ပေ ၉ လက်မ ) မြေသား၊ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်းပေါ်ရှိ (အရှည် ၄၀ ပေ ၊ အကျယ် ၁၆ ပေ ၊ အမြင့် ၈ ပေ) ကွန်ကရစ် တံတားတစ်စင်း၊ (အရှည် ၂၀ ပေ ၊ အကျယ် ၁၅ ပေ ၊အမြင့် ၇ ပေ) ကွန်ကရစ်တံတား တစ်စင်းနှင့် Box Culvert (အရှည် ၆ ပေ ၃ လက်မ ၊ အကျယ် ၂၀ ပေ ၊ အမြင့် ၆ ပေ) တစ်စင်း တည်ဆောက်ခြင်းနှင့် အဘစ်ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ် ရေပေး ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများကို ၂၀၂၂ -၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေစုစုပေါင်း ငွေကျပ် သန်း ၉၀၇ ကျော်ဖြင့် တင်ဒါအောင်မြင်သောကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရာသီမရွေးအဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည် ဖြစ်ကာ လယ်ယာထွက်ကုန် ထုတ်သီးနှံများ စျေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့် အပြင် သောက်သုံးရေဖူလုံစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)