မိုင်းယောင်းမြို့နယ်၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

မိုင်းယောင်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးတိရစ္ဆာန်များ ကူးစက်ရောဂါ ဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ဝန်ထမ်းများက မွေးမြူရေးတိရစ္ဆာန်များတွင် ခွာနာလျှာနာရောဂါ၊ အရေပြား အကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါများကို စူးစမ်းထောက်လှမ်းခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်ရုံးနှင့် မိုင်းယုတိုက်နယ်တွင် အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ တောင်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။

 

ထို့အတူ ဇီဝလုံခြုံရေးလုပ်ငန်းများအနေဖြင့် မွေးမြူရေးခြံများကို ပိုးသတ်ဆေးဖြန်းခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ ကျွဲ၊ နွား ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းများကို ယနေ့ တွင် ဝမ်ဘိုးကျေးရွာအုပ်စု ဖကျောက်ကျေးရွာနှင့် တာကြန့်ကျေးရွာအုပ်စု ဝမ်မိုင်မိုင်းလုံး ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

စိုင်းအောင်ဇော်လင်း