နမ္မတူ ဇူလိုင် ၁၇
ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲနှင့် အလယ်တန်းအဆင့်ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အာဇာနည်ဆိုသည့် အဓိပ္ပါယ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ပုံ၊ အာဇာနည်နေ့သမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိ စသည့်အကြောင်းအရာများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားကျင်းပခဲ့ရာ အမှတ် (၃) အခြေခံပညာ မူလတန်း လွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသာများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်၊ ဓါတ်ပုံ၊ နံရံကပ် စာစောင်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)