ကျောက်ဖြူ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ထိုသို့ အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ၌ “မျက်ရည်ပြိုင်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးမှလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့နှင့် လူငယ့် တာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးမှလည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးမှလည်းကောင်း ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ် ဆရာကြီး ထံမှ သိရသည်။
အလားတူ အထက(ခွဲ)မြို့မကျောင်းတွင်လည်း အာဇာနည်နေ့အကြို ဟောပြောပွဲအခမ်းအနား ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး