တာချီလိတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)နှင့် (ခ)ကျေးရွာအုပ်စုရှိ အခြေခံပညာ ကျောင်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက် ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ အကြောင်းကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေး ဟောပြောခြင်းကို မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်တုံ အခြေခံပညာ အလယ်တန်းကျောင်း၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ပါခုတ် မူလတန်းလွန်ကျောင်းနှင့် ဝေလှေလန် အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယာဆေး( ပြန်/ဆက်)