မိုင်းဖြတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျွဲ၊ နွားတိရစ္ဆာန်များ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းက ကျွဲ၊ နွားတိရစ္ဆာန်များ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ စနစ်တကျ မွေးမြူရေး နည်းလမ်းများ၊ ခွေးရူးရောဂါ ဖြစ်ပွားတတ်သည့် လက္ခဏာများ၊ ကြိုတင် ကာကွယ်ဆေးများ ထိုးနှံရေးနှင့် အိမ်မွေးခွေးများကို စည်းကမ်းချက်များနှင့် အညီ ထိန်းသိမ်းမွေးမြူရေး၊ ကျွဲနွားများ ရောဂါဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာကြရမည့် အကြောင်းအရာများကို ရှင်းလင်း ဟောပြောသည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည့် အချက်အလက် အခြေအနေများကို မေးမြန်းချက်များ အပေါ် မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာများသို့ ကျွဲ၊ နွားများတွင် အရေပြား အကြိတ်နာ ရောဂါများ၊ ခွါနာ လျှာနာ ရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးခြင်းနှင့် ကျွဲ၊ နွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ လည်ချောင်းကွဲရောဂါ ဖြစ်ပွားနေသော ကျွဲ (၄၀)ကောင်၊ နွား (၂၂၅)ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးနိုင် ခဲ့ကြောင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေး ကိုလည်း ထိုးနှံပေးခဲ့ကြောင်း၊ တိရစ္ဆာန်များ အတတ်နိုင်ဆုံး ရောဂါကူးစက ်ပြန့်ပွားမှု မဖြစ်ပွားစေရေး အသိပညာ ပေးခြင်းနှင့် ကြိုတင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းထံမှ သိရသည်။
သန်းထွန်းအေး