မိုင်းဖြတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အ.လ.က(ပါဆန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.လ.က(ပါဆန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဝင်းကြည်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အာဇာနည်နေ့ သမိုင်းအကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် သိကောင်းစရာများကို ရှင်းလင်း ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက သဘာဝ ဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်း ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသသည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး