ဟိုပုံးမြို့နယ်၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ကွင်းဆင်း ဆောင်ရွက်

ဟိုပုံး ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်တန်းကျေးရွာ၊ ကျေးရွာစာကြည့်တိုက်တွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသီဟထွန်းက ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော ခွာနာလျှာနာရောဂါ၊ အရေပြား အကျိတ်နာရောဂါ၊ ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် အခြား တိရစ္ဆာန်ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်တို့ကို ဟောပြောခဲ့သည်။ ထို့နောက် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ကျေးရွာအတွင်းရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး (၉၅)ကောင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ပအိုဝ်းဒေသ)