တွံတေးမြို့ မာရ်ပြေသာသနာ့ရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲနှင့် အဟာရဒါနတိုက်ကျွေး

 

တွံတေး ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာရှိ ရှမ်းစုကြီးကျေးရွာ မာရ်ပြေသာသနာ့ရိပ်သာဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေးအတွက် တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ လှူဒါန်းခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဟာရဒါန နို့ဆန်ပြုတ်များဖြင့် တိုက်ကျွေးခြင်းကို ယနေ့ နေ့လည် ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်ဖွင့်လှစ်ပြီး မာရ်ပြေသာသနာ့ရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းသံဃာ့ဝန်ဆောင်၊ ညောင်တံခါးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသထံမှ သြဝါဒကထာ နားကြားပြီးတွံတေးခရိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက မာရ်ပြေသာသနာ့ရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၃) ဦးအတွက် စာရေးကိရိယာများ လှူဒါန်းရခြင်းအားလျှောက်ထားကာ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျောင်းအုပ်ဆရာတော်အား စာရေးကိရိယာများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် မာရ်ပြေသာသနာ့ရိပ်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမ ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်လိုအပ်နေသော စာရေးကိရိယာများ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားအား ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အဟာရဒါန နို့ဆန်ပြုတ်များဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆရာမ(၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၅၃)ဦးရှိပြီး အခြေခံပညာ မူလတန်းကျောင်းဖြစ်ကြောင်း တာဝန်ရှိသူ ကျောင်းအုပ်ဆရာတော်ထံမှ သိရသည်။

မျိုးလှိုင် တွံတေး