စဉ့်ကိုင် ဇူလိုင် ၁၅
(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြိုင်ပွဲများကျင်းပလျက်ရှိရာ အခြေခံပညာ အထက်တန်းကျောင်း (စဉ့်ကိုင်) တွင် ယနေ့နံနက်(၉)နာရီက အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများအကြောင်းနှင့် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မဲကျရာခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် နှစ်သိမ့်ဆုများ ပြိုင်ပွဲ၀င်ဆုများကို ကျောင်းအုပ်ဆရာမကြီးနှင့် အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်သော ဆရာ/ဆရာမများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)