ကော့မှူး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက်က ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်အတွင်းဖြတ်သန်း မောင်းနှင်ကြသော မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ခြင်းရှိမရှိတို့အား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်မောင်းလိုင်စင်များ သက်တမ်းကုန်ခြင်းရှိ မရှိစစ်ဆေးခြင်း၊ ခရီးသွားပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပါမပါစစ်ဆေးခြင်းနှင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Mask များတပ်ဆင်သွားလာကြရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး