ပုသိမ်ကြီးမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၅

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာအေးက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီးနောက် ပုသိမ်ကြီး (အ.ထ.က.) ကျောင်းရှိ ပဥ္စမတန်းနှင့်ဆဋ္ဌမတန်းမှ  ကျောင်းသား၊ ကျောင်းသူများက ယနေ့တွင်ကျင်းပသည့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နံရံကပ် စာစောင်များကို လေ့လာကြည့်ရှုကြသည်။

ထိုပြိုင်ပွဲများအား ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ တွင်ကျရောက်သော အာဇာနည်နေ့၌ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)