မြစ်ကြီးနား ဇူလိုင် ၁၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက် အောင်ချမ်းသာ ဘုရားဝင်းအတွင်းရှိ မြသိန်းတန်ဓမ္မာရုံ၌ “မျိုးဆက်သစ်” လူမှုကယ်ဆယ်ရေးအသင်း၏ (၁)နှစ်ပြည့် နှစ်ပတ်လည်နှင့် အလှူရှင်များမှ ရေစက်ချမင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများနှင့် တက်ရောက် လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အသင်းသား/သူများနှင့် အလှူရှင်များက ဘုရားအမှူးပြု၍ ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ တက်ရောက်လာသူများက အောင်နန်းရိပ်သာရပ်ကွက် မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာကမ္မဌာနစရိယ ဆရာတော်ဘဒ္ဒန္တ အာဒိစ္စထံမှ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ပြီး တက်ရောက်လာသူများက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် လူမှုကယ်ဆယ်ရေးယာဉ် (၃)စီးနှင့် အောက်စီဂျင်မော်တော်ယာည်(၁)စီး၊ ရေခဲခေါင်း (၂)လုံး လှူဒါန်းမှုအစုစုအတွက် စုပေါင်းရေစက်ချလှူဒါန်းကြပြီး ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းများဆက်ကပ်၍ အခမ်းအနားတွင် “မျိုးဆက်သစ်လူမှုကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးစိုင်းမြသန်းနှင့် အမှုဆောင်ကော်မတီဝင်များ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ယော်ဆောင်(ပြန်/ဆက်)