မိုင်းဆတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်လမ်းဦးစီးဌာန၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသည့် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဆွမ်း၊ ခဲဖွယ်တို့ကို ဆက်ကပ်လှူဒါန်းကာ ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ပြီး မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒကထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်ဇနီး ဒေါ်ဇင်ဇင်သော်၊ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဇနီး ဒေါ်မိမိခိုင်၊ မြို့နယ်လမ်းဦးစီးမှူး ဦးကြင်မောင်စန်းနှင့် တာဝန်ရှိသူတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒကထံမှ ရေစက်ချ အနုမောဒနာတရားယူကာ လှူဒါန်းမှုအစုအစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)