မိုင်းခုတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲတွင် ''အာဇာနည်နေ့ ဒို့မမေ့''ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေ့လယ် ၁ နာရီတွင် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို မသဇင်ထွန်း၊ ဒုတိယဆုကို မနေခြည်ထွန်းနှင့် တတိယဆုကို မနန်းခမ်းလောင်တို့ကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပထမဆုကို မသွန်းရွှေစင်ထွန်း၊ ဒုတိယဆုကို မောင်စိုင်းနွံလျှန်းမိုင်းနှင့် တတိယဆုကို မအိမ့်မှူးခင်ခင်ဇော်တို့ကလည်းကောင်းရရှိပြီး မြို့အုပ်ချုပ်ရေးမှူး ဉီးလှိုင်ကျော်သူနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလှူရှင် ဒေါ်နန်းပင်းပါက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ အာဟာရဖြည့် အချိုရည်နှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)