ဇမ္ဗူသီရိမြို့နယ်၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက် (၁၀) နာရီက (၇၅) နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊  စာရေးဆရာခိုင်မင်း (နေပြည်တော်)၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်း (၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အာဇာနည်နေ့နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များအားလည်းကောင်း ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအားလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာခိုင်မင်း (နေပြည်တော်)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများအား ကျောင်းသား၊ ကျောင်းသူများ အားကျအတုယူရန်နှင့် လေးစားအမှတ်ရနေစေရန် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့အထိမ်းအမှတ် ကဗျာများအား ရွတ်ဆိုခဲ့ကြသည်။

အခမ်းအနားပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်ပြသထားရှိသော နံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)