မိုးညှင်း ဇူလိုင် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအသစ်ချပြ ရှင်းလင်းပွဲအခမ်းအနား ကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ယခုပြင်ဆင် ပြဋ္ဌာန်းခဲ့သော ဥပဒေအသစ်အား ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့များအနေဖြင့် သိရှိပြီး မိုးညှင်းခရိုင်အတွင်း လူကုန်ကူးမှုများ လျော့နည်းပပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် တင့်လွင်က အသစ်ပြောင်းလဲပြဋ္ဌာန်းသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေအသစ်ကို ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ အနေဖြင့် ပဏာမသိရှိနိုင်စေရန်နှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ အသစ်အား ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ သိရှိလိုသူများကို မေးမြန်းဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)