မိုင်းဆတ်မြို့၌ တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးဆိုင်ရာနှင့် ခွာနာလျှာနာ ရောဂါဆိုင်ရာ ဟောပြောပွဲဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  တိရစ္ဆာန်ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာနှင့် ခွာနာ လျှာနာရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီခွဲက ကျတီကျေးရွာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာနိုင်ထွန်းဦးက ကျွဲ၊ နွားများတွင် တွေ့ရှိနိုင်သည့် ရောဂါလက္ခဏာများ၊ ခွာနာလျှာနာ ရောဂါဖြစ်ပွားနိုင်သည့် နည်းလမ်းများနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံ ရမည်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းတို့က ကျေးရွာဒေသခံများ၏ ကျွဲ၊ နွား၊ ဝက်၊ ကြက်များအတွက် ပိုးသတ်ဆေးများပေးအပ်ကာ အသုံးပြုရန်နည်းလမ်းများကို သင်ကြားပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာနိုင်ထွန်းဦးက ကျေးရွာနေပြည်သူများ၏ ကျွဲ၊ ဝက်တို့ကို တိရစ္ဆာန်ပိုးမွှားရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)