မြစ်ကြီးနား ဇူလိုင် ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူ သင်ကြားခဲ့ ကြကာ ယခုလို အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစား ကြရန်လိုကြောင်း၊ ထို့အပြင် ယခုလို ပြည်နယ်အတွင်း အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများအလုံးကို ပြည်နယ်ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် ပညာရေးမှူး ဦးကြည်စိန်က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက (၅)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့က (၄)ဘာသာဂုဏ်ထူးရှင် (၃၆)ဦး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တပ်မတော်အရာရှိကြီးများက (၃)ဘာသာဂုဏ်ထူးရှင် (၂၅၇)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တပ်မတော်အရာရှိကြီးများက ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များနှင့် ကျောင်းဆုများ၊ ဂုဏ်ထူးအများဆုံးရ ကျောင်းဆု၊ အောင်ချက် အကောင်းဆုံး ကိုယ်ပိုင်ကျောင်းဆုများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူး အများဆုံးရရှိအောင် သင်ကြားပေးခဲ့ သော ဆရာ၊ ဆရာမ(၈)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာပြည့်ဝ နှလုံးလှ” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန (၄၈)ခုဖွင့် လှစ်ပြီး ကျင်းပ ပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၁၁၄၈၃)ဦးအနက် အောင်မြင်သူ (၅၃၂၅)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း အနေဖြင့် (၄၆.၃၇) ရာခိုင်နှုန်းရရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်(၆) ရရှိခဲ့ကာ (၅)ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၅၇)ဦး၊ (၂)ဘာသာဂုဏ်ထူး ရှင် (၃၅၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၅၈၀)ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၂၂၄၄)ဦး ရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ဂုဏ်ထူး ရရှိသူ ဦးရေသည် ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရဦးရေ ထက် (၂၂၃)ဦး တိုးတက်လာကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရသည်။
ပြည်နယ်ပြန်/ဆက်