ကလော ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)(လ-၁)ရှိ မျိုးဂုဏ်ရောင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတအသိပညာများ တိုးပွားနိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ (၁)ဗိုလ်မှူးနိုင်လင်းထွန်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်အတွက် လုံခြုံရေးဆိုင်ရာများနှင့် ပြင်ပဗဟုသုတသိမှတ်ဖွယ်ရာ အကြောင်းပြောကြားခဲ့ပြီး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်သန့်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ရှောင်ရန်၊ ဆောင်ရန်အချက်များအကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇော်က သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းတို့ကို အသီးသီးအသိပညာဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် လက်တွေ့သရုပ်ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှူ့ခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဝင်း(ပြန်/ဆက်)