ပင်လောင်း ဇူလိုင် ၁၅
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာအုပ်စု လယ်ကြားရွာ၌ တိရစ္ဆာန်များ ရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် “တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်”အဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာနှင်းအိခိုင်က ခွာနာလျှာနာရောဂါနှင့် အာဖရိကဝက်အပြင်းဖျား ရောဂါအကြောင်းကိုလည်းကောင်း၊ ဒုတိယကြီးကြပ်ရေးမှူး ဦးခွန်သန်းထွန်းက ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် အရေပြားအကျိတ်နာရောဂါ အကြောင်းကိုလည်းကောင်း ရှင်းလင်းဟောပြောကြပြီး တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအတွင်း၌ ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် အရေပြားအကျိတ်နာရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းနှင့် ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်များ စိုက်ထူးပေးခြင်း၊ ဝက်မွေးမြူရေးခြံများကို ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲမင်းပိုင်(ပင်လောင်း)