ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံ ပညာမူလတန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် သူနာပြုဆရာမကြီး ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေး ပရဟိတ အဖွဲ့ဝင်များကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူ ၃၁၈၀ ဦးရှိသည့် အနက် ၂၄၉၅ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(IPRD)