တိုက်ကြီး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက် ရှိသည်။
ထိုသို့ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ဉတိုကျေးရွာအုပ်စုအတွင်းရှိ အင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၉၁ ဉီး၊ ရွာမကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၇၃ ဉီး၊ ကြို့ချောင်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၆၅ ဉီး စုစုပေါင်း ၂၂၉ ဉီးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးသည်။ အလားတူ ဉက္ကံမြို့ ဗန္ဓုလ ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း အမှတ် (၆) နှင့် အမှတ် (၉)တို့ရှိ ကျောင်းသား ကျောင်းသူများမှ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၂ ဉီး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၁၆၇ ဉီး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၆၉ ဉီးတို့ကိုလည်း ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ အခြေခံပညာကျောင်းများ၌ ကွင်းဆင်းထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ/ဆရာမများ၊ ရပ်ကွက် / ကျေးရွာ အထောက်အကူပြုအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)