လယ်ဝေး ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေနှင့် လယ်ဝေးမြို့နယ်ဦးစီးမှူး ဒေါက်တာလှမျိုးသန့်တို့က ဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ နွားများ၏ သွေးရည်ကြည်နမှုနာယူခြင်းနှင့် ကျွဲ၊ နွားရောဂါများကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျွဲ၊ နွားများတွင်ဖြစ်တတ်သည့် အရေပြားအကျိတ်နာရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါကာကွယ်ရန်နည်းလမ်းများ၊ ကျွဲနွားခွာနာလျှာနာရောဂါ အသိပညာပေး အချက်အလက်များစသည်တို့ကို ဗီနိုင်းများချိတ်ဆွဲ၍ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ရောဂါကာ ကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဇူလိုင်(၁၁)ရက်မှ (၁၇)ရက်နေ့အထိ သာယာကုန်း၊ ပင်ငါးမျှောင်၊ ဝက်လက်၊ ပင်သောင်၊ သဲကောကြီး၊ သဲကောလေး၊ ဝက္ကမူ၊ အေလာမြို့သစ်၊ ရွာမ၊ စက်ပိုင်း၊ ရွာသစ်စသည့်ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)