ပင်းတယမြို့နယ်ထွက် ဆေးဘက်ဝင်ကြက်သွန်ဖြူဥတစ်လုံးများစျေးကောင်းရရှိ

ပင်းတယ ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိကျေးရွာတွင် စိုက်ပျိုးထားသည့် ဆေးဘက်ဝင် ကြက်သွန်ဖြူ ဥတစ်လုံးများ စျေးကောင်းရရှိသဖြင့် စိုက်ပျိုးတောင်သူများမိသားစု လူမှုစီးပွားဘဝ အဆင်ပြေလျက်သည်။

ပင်းတယမြို့နယ်အနီးအနား ကျေးရွာများဖြစ်သည့်  လယ်ပြင်၊  တံတားကြီး၊ ရွှေပုထိုး၊ ကျောက်စု၊ ကိုးလုံး၊ ကောင်းဘို့၊  စသည့်ကျေးရွာများတွင် ကြက်သွန်ဖြူအမွှာမျိုးများ ဧကအများ စိုက်ပျိုးထားကြသော်လည်း ကြက်သွန်ဖြူ ဥတစ်လုံးစိုက်ပျိုးသူနည်းပါးကြောင်း သိရသည်။ ကြက်သွန်ဖြူ ဥတစ်လုံးများသည် တိုင်းရင်းဆေးများ၊ ဆေးဖော်ရာတွင် ထည့်သွင်းအသုံးပြုရခြင်းကြောင့် ရိုးရိုးအမွှာကြက်သွန်ဖြူထက် စျေးကောင်းပိုမို ရရှိခြင်းဖြစ်သည်။ ပေါဦးပေါ်ဖျားက ဆေးဘက်ဝင်ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိသာလျှင် ကျပ်ငွေ ၇၀၀၀ ထိ ရှိသည်။ ယခုအခါ ကြက်သွန် ဖြူ ဥတစ်လုံးများ လှိုင်လှိုင်ထွက်ရှိနေပြီး၊ စျေးကွက်အတွင်း စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ကြက်သွန်ဖြူဥတစ်လုံးများစိုက်ပျိုးရာတွင် စိုက်ပျိုးပြီး ခြောက်လခန့်တွင် တူးဖော်ရောင်းချနိုင်ပြီး၊ ယခင်နှစ်က တစ်ပိသာ (၃၀၀၀) ကျပ်နှုန်းသာရရှိပြီး၊ ယခုနှစ်တွင် ကြက်သွန်ဖြူ ဥတစ်လုံးများ လက်ရှိပွဲရုံစျေး တစ်ပိသာလျှင် ကျပ်ငွေ  (၅၀၀၀) ဝန်းကျင်ခန့်ရရှိကြောင်း၊  စျေးကွက်အတွင်း ကြက်သွန်ဖြူဥတစ်လုံးများအရွယ် အစားပေါ် မူတည်၍ ၁ ပိသာလျှင် အသေးစား ( ၅၀၀၀ )ကျပ်၊ အလတ်စား (၆၅၀၀)ကျပ်နှင့် အကြီးဆုံး၊ အကောင်းဆုံးရှယ်သန့်မှာ ကျပ်ငွေ( ၈၀၀၀ )အထိ စျေးကောင်းရရှိနေကြောင်းနှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်ဖြူဥတစ်လုံး စိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)