သီပေါမြို့နယ်၌ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်

သီပေါ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း လိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန်နှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ အစည်းအဝေးကို လစဉ်(၁၅)ရက်နေ့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တစ်ကြိမ်၊ လစဉ်လကုန်ရက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တစ်ကြိမ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များရှိပါကလကုန်တွင် ပြုလုပ်မည့် အစည်းအဝေးအား ထပ်မံတက်ရောက်၍ ညှိနှိုင်းဆောင်ရွက်ကြပါရန် စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ လမ်းဦးစီးဌာနမှယခုနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများနှင့် သတင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊  စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်နေသည့် မိုးစပါးစိုက်ဧကများနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင်လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီးအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)