မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန်တုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၈)၊ အမှတ်(၁၅)စာစောင်မှ စာရေးဆရာ သင်းရနံ့ရေးသားသည့်“ကောင်းမှုကိုလွှမ်းခြုံ၍ ရိုးရာဓလေ့ထုံမွှမ်းသည့်လမြတ်ဝါဆို” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူးဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ ကျောင်းသား လူငယ်လူရွယ်အတွက် စာဖတ်စွမ်းရည်များ ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသောဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မောင်မျိုးဆွတ်အောင်(Grade-9)မှ မြန်မာ့ဆယ်နှစ်လရာသီတွင် ဝါဆိုလသည် စတုတ္ထမြောက်လဖြစ်ကြောင်း၊ ဝါဆိုလရောက်သည်နှင့် ငယ်စဉ်ကသင်ခဲ့ရသော “ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်” အစချီသည့် သပြေသီးကောက်တေးကဗျာကို အမှတ်ရမိကြောင်း၊ ဝါဆိုလတွင် မိုးအဆက်မပြတ် ရွာသွန်းတတ်သောကြောင့် မြစ်ချောင်းအင်းအိုင်တို့နှင့်တကွ ကန်များတွင်ပါ ရေပြည့်ရေလျှံဖြစ်တတ်ပါကြောင်း၊ ဝါဆိုလသည် အင်္ဂလိပ်ပြက္ခဒိန်တွင် ဇူလိုင်လနှင့်သြဂုတ်လအတွင်းကျရောက်ကြောင်း၊ မရွှေဇင်မိုးဦး(Grade-9)မှ “ဝါဆိုဝါခေါင် ရေဖောင်ဖောင်၊ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး မိုးအေးအေး” ဟုဆိုသည့်အတိုင်း ဝါဆိုလတွင် မိကျောင်းပန်းများ ဖွေးဖွေးလှုပ်အောင်ပွင့်ကြကြောင်း၊ မောင်ခိုင်ခန့်(Grade-9)မှ ဝါဆိုလတွင် ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းသုံးလအတွင်း ဥပုသ်သီလဆောက်တည်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ ဆွမ်းလောင်းခြင်းစသည့် ကုသိုလ်ကောင်းမှုဒါနပြုကြသကဲ့သို့ ဝါဆိုသင်္ကန်းကပ်လှူခြင်းကိုလည်း ကုသိုလ်တစ်ရပ်အဖြစ် ဝါဆိုလတွင် ပြုကြမြဲဖြစ်ကြောင်းအစရှိသည်များကို ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးမှ တစ်ဦးချင်းဖတ်ကြားကြပြီး ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)