ရပ်စောက် ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မွေးမြူရေးတိရိစ္ဆာန်များအား ကူးစက်ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်းကျေးရွာဘုန်းကြီးကျောင်း၌ တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာ ဆောင်းနှင်းဖြူဖြူက မွေးမြူရေးတိရိစ္ဆာန်များတွင်အဖြစ်များသော ခွာနာလျာနာရောဂါ၊ ကျွဲနွား အရေပြား အကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ အစရှိသည့်ရောဂါများ၏ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာသော်ဇင်က ကျွဲနွားအရေပြားအကျိတ်နာရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မွေးမြူသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက မွေးမြူရေးတိရိစ္ဆာန်ရောဂါများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးဒေါက်တာ ဆောင်းနှင်းဖြူဖြူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထင်းကွင်းကျေးရွာအတွင်း၌ ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပေးခဲ့ပြီး ကျေးရွာအတွင်းရှိ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖြန်းပေးခြင်းနှင့် တိရိစ္ဆာန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)