မိုးနဲမြို့နယ် ဆိုက်ဖယ်ကျေးရွာ၌ ဆီထွက်သီးနှံ မိုးနေကြာစံပြစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု

မိုးနဲ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း‌ ဆီထွက်သီးနှံမိုးနေကြာ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော နေကြာစိုက်ခင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး‌ရေးအဖွဲ့ဝင်ဌာနများက ယနေ့နံနက် ၈ နာရီအချိန်တွင် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖယ်ကျေးရွာနေ တောင်သူဦး‌မောင်မြင့်၏ ယာမြေနေရာ၌ စိုက်ပျိုးထားသောဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်း သုံးဧကနှင့်ရေဆင်းစပ်မျိုး(၁) နေကြာပညာပေးစံပြစိုက်ခင်း နှစ်ဧကနေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စံပြစိုက်ခင်းများ စတင်စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေသအတွင်း စားသုံးဆီဖူးလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံနေကြာကို ပိုမိုစိုက်ပျိုးနိုင်ရေး ပညာပေးစည်းရုံးခြင်း၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း ယနေ့အထိ မိုးသီးနှံနေကြာ (၅၂)ဧကကို စိုက်ပျိုးထားပြီး နေကြာစိုက်ပျိုးရန်အတွက် လိုအပ်သောမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုး‌ရေး၊ အပင်ပြုစုစောင့်ရှောက်‌ရေးနည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို တောင်သူများအချိန်မီ သိရှိနိုင်စေရန်အတွက် မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝိုးတောင်း