ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရုံး၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ပုံတူ ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့်စာအုပ်ပြပွဲတို့ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၅ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်မြတ်မွန်ခင်က ယနေ့ကျင်းပပြုလုပ်တဲ့ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာမ လမင်းအိမ် (ဥပဒေ)က ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင်ကြိုး ပမ်းဆောင်ရွက်ခဲ့သည့်အပြင် ဗိုလ်ချုပ်၏ရင်တွင်းခံစားချက်ဖြစ်သည့် စာပေနှင့်အနုပညာခံစားချက်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အကျယ် တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေး ဗိသုကာစာအုပ်ပါ အကြောင်းအရာများအား ကျောင်းသား ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ရည် ကလေးကဗျာများစာအုပ်ဖြင့် ကဗျာရွတ်ပြိုင်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေး ရာဇဝင်အချက်များနှင့် မိန့်ခွန်းများအကြောင်း ဝေဝေဆာဆာဖော်ပြထားသည့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုမှတ်သားခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာပေအသိပညာ ဗဟုသုတများ မြင့်မားလာစေရန်အတွက် စာအုပ်များခင်းကျင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်က ပြန်လည်ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများကို မုန့်တီသုပ်များ ကျွေးမွေးခြင်းနှင့် ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ )