လားရှိုး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ယခုလိုနေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များတွင် ပြိုင်ပွဲများ ဖိတ်ခေါ်ကျင်းပရခြင်းသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် နေ့ထူးနေ့မြတ်များ အကြောင်းကို အစဉ်အမြဲလေ့လာသိရှိစေရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်၊ ကာယဉာဏစွမ်းရည်များတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ်ဝင်ရောက်လေ့လာ၍ စာဖတ်စွမ်းအားများ မြှင့်မားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများဆုရွေးချယ်မ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆုချီးမြှင့်နိုင်ရေး ပါဝင်ကူညီခဲ့သော ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံတူ ခဲပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး