သာစည် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲ က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ် ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုပြုလုပ်ရာ အခြေခံပညာအထက်တန်းအဆင့်တွင် “၁၉ ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့် အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား/သူ ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အခြေခံပညာအလယ်တန်းအဆင့်တွင် “အာဇာနည်နေ့” ခေါင်းစဉ်ဖြင့် အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများနှင့် သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) မီးရထားမှ ကျောင်းသား/သူများ စုစုပေါင်း ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး ပြိုင်ပွဲမှ ပထမ၊ ဒုတိယနှင့် တတိယရရှိသော ကျောင်းသား/သူများကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)