ညောင်ဦး ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဒေသဆိုင်ရာပြတိုက်ငယ်တို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြပွဲများ ကျင်းပပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဒေသဆိုင်ရာပြတိုက်ငယ်တို့ ပြသပေးရခြင်းဖြစ်ကြောင်း၊ နံရံကပ်စာစောင်ပြပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းချုပ်များ ပြသပေးထားခြင်း၊ ပြည်သူ့စာကြည့်တိုက်အခန်းတွင် သုတ/ရသစာအုပ်များပြသခြင်းနှင့် ဒေသဆိုင်ရာပြတိုက်ငယ်တွင် ဒေသတွင်းမှထွက်ရှိသည့် ယွန်းထည်ပစ္စည်းအမျိုးမျိုး၊ ပုဂံ-ညောင်ဦးဒေသထွက် ရုပ်သေးရုပ်၊ ဘီလူးရုပ်၊ အမတ်ရုပ်၊ ဇော်ဂျီရုပ်နှင့် မင်းသားမင်းသမီးရုပ်၊ မုန်တိုင်ကျောက်ဖြစ်ရုပ်ကြွင်း၊ ထန်းလက်ထန်းရွက်ဖြင့် ပြုလုပ်ထားသည့် အရုပ်အမျိုးမျိုးနှင့် ယွန်းလုပ်ငန်းအဆင့်ဆင့်ပြုလုပ်ပုံတို့အား ပြသပေးခဲ့ကြောင်းရှင်းပြသည်။ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြပွဲများသို့ ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။
ကိုကြေးမုံ