လင်းခေး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်မျာငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးခြင်း မဆောင်ရွက်မီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါ်နန်းပြုံးရီ(ဦးစီးအရာရှိ)က Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်မျာငှားရမ်းပေးခြင်း နှင့်စပ်လျဉ်းသည်များကို စာဖတ်ပရိသတ်များအား ဦးစွာရှင်းလင်းပြောကြားပေးခဲ့ပါသည်။
ဒေါ်နန်းပြုံးရီက ယင်းသို့ရှင်းလင်းပြောကြားရာ၌ အကြောင်းအမျိုးမျိုးအားဖြင့်ဖြစ်စေ၊ အလုပ်မအားလပ်၍ဖြစ်စေ မိမိတို့၏ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများ စာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရေး၊ ပြင်ပဗဟုသုတများနှင့်ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများအား လွယ်ကူအဆင်ပြေစွာ လေ့လာဖတ်ရှုနိုင်ရေး၊ ခေတ်စနစ်အရ Online system ဖြင့် စာပေဖတ်ရှုလေ့လာနိုင်ကြသော်လည်း အခကြေးငွေ ကုန်ကျမှုရှိပြီး၊ Mobile library အနေဖြင့် ငွေကုန်ကြေးကျမှုမရှိသော စနစ်ဖြစ်ကြောင်း၊ ထိုသို့အတွက် စာဖတ်ပရိတ်သတ်များရှိရာ ရုံးဌာနများသို့ရောက် ယခုကဲ့သို့ လာရောက်ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ၎င်းနောက် စာဖတ်သူများအား စာအုပ်စာပေ၊ သုတ/ရသမျိုးစုံတို့ကို ငှားရမ်းပေးခဲ့ကြသည်။
ဌာနဆိုင်ရာရုံးများရှိ ၀န်ထမ်းများအတွက်သာမက မြို့နယ်အတွင်းရှိ ပြည်သူလူထုစာဖတ်ပရိသတ်များရှိရာ နေရာများသို့လည်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အပတ်စဉ်၊ လစဉ် Mobile Library လှည့်လည် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လင်းခေး(ခရိုင်၊ ပြန်/ဆက်)